|
စင်္ကာပူတွင် ကမ္ဘာ မပြားသေးပါ |
|
Written by Administrator
|
|
Saturday, 19 May 2012 06:06 |
|
JBS Stadium အတွင်း ပွဲမစခင် မိုးလေးတစ်ဖွဲ၊ နှစ်ဖွဲ ရွာလိုက်သေးသည်။ အထူးတန်း ပွဲကြည်စင်မှာ ကမ္ဘောဇ အသင်း၏ အဖြူရောင် ဂျာစီ ၀တ်ဆင် ထားသူများက “ကမ္ဘာမကြေ” သီချင်းကို ကျယ်ကျယ်လောင်လောင် သံပြိုင် သီဆိုကြသောအခါ အထူးတန်း ပွဲကြည့်စင် တစ်ဖက်ခြမ်းမှ အရေအတွက် အနည်းငယ်မျှသော ၀ုဒ်လန်းစ် ပရိသတ်များ၏ ဘင်သံပြတ်တောင်း၊ ပြတ်တောင်းကနေ တိခနဲ ရပ်သွားသည်။ သီချင်းစာသားကို နားမလည်သည့်တိုင် မြန်မာ နိုင်ငံတော် သီချင်းဖြစ်သည်ကို သူတို့တွေ သိကြသည်ထင့်။
မြန်မာ ပရိသတ် တစ်ထောင်ကျော်၏ လှိုက်လှဲသော သီချင်းသံက ဘောလုံးကွင်း တစ်ခုလုံး လွှမ်းသွားခဲ့သည်။
အမေရိကန် သတင်းစာဆရာ ဖရန် ကလင်ဖိုအာ ပြောသလို ဘောလုံး ကွင်းထဲတွင် ဂလိုဘယ် လိုက်ဇေးရှင်းသည် အသက်မ၀င် သေးဘူးလား။ စင်္ကာပူမှာတော့ ကမ္ဘာကြီးက လုံးနေတာ သေချာသည်။ သောမတ်စ် ဖရိုင်းမန်း၏ “ကမ္ဘာပြားပြီ” သီအိုရီ အလုံးစုံ အသက်မ၀င် သေးကြောင်း စင်္ကာပူရောက် မြန်မာတို့၏ အမျိုးသားရေး စိတ်ဓါတ်က သက်သေပြ ခဲ့ပေပြီ။
“ကမ္ဘောဇ အသင်း နိုင်အောင် ကစားစမ်းပါဗျာ။ ဒီအသင်းက ဘာမှ မဟုတ်ဘူး။ ဖြစ်နိုင်ရင် စင်္ကာပူ ဖလားကို ယူပြစမ်းပါ။ ကျွန်တော်တို့က မြန်မာပြည်က အသင်းဆိုရင် ဘယ်အသင်းဖြစ်ဖြစ် အားပေးနေမယ်” ဟု ပွဲမတိုင်မီ အထူးတန်း ၀င်ပေါက်၌ မြန်မာတစ်ဦးက ပြောခဲ့သည်။

”ရှမ်းအိုးစည်သံ မြည်ဟီးလို့... လက်ခုပ်သံတွေ လေထဲသို့...” အစချီသော ကမ္ဘောဇ အသင်း၏ သီချင်းကို ဖွင့်ပေးလိုက် ချိန်တွင် မြန်မာ ပရိသတ်များ တက်ကြွစွာ ကခုန်၍ သီဆိုကြသည်မှာ ပြင်းပျသော အမျိုးသားရေး စိတ်ဓါတ်လား၊ အိမ်လွမ်းစိတ်လား၊ Sense of Belonging လား...။
စင်္ကာပူတွင် မြန်မာ ပရိသတ်များ၏ အားပေးမှုက အစဉ်အမြဲ တစ်ခဲနက်ရှိ ခဲ့သည်ဟု ကမ္ဘောဇ အသင်း နည်းပြချုပ် ဆီဗာဂျီက ပြောပြသည်။ “ပြီးခဲ့တဲ့နှစ်က စင်္ကာပူ ဖလားကို ဥဿာ ယူနိုက်တက်အသင်း ၀င်ပြိုင်တုန်းက ပရိသတ်တွေ အခုထက် ပိုများသေးတယ်။ မကြသေးခင် ရန်ကုန် ယူနိုက်တက်အသင်း AFC Cup လာပြိုင် တုန်းကလည်း မြန်မာ ပရိသတ် (၃၀၀၀)လောက် အားပေးခဲ့ကြတယ်။ စင်္ကာပူက မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုက အမြဲတမ်း အားရဖို့ ကောင်းပါတယ်” ဟု ဆီဗာဂျီက ဖွင့်ဟသည်။
“ဘောလုံးဟာ ပြတိုက်ထဲ ရောက်တော့မယ် အမျိုးသားရေး စိတ်ဓါတ်ကို အကာအကွယ် ပေးနေမယ့် တစ်ခုတည်းသော အရာ” ဟု ဖရန်ကလင်ဖိုအာက ရေးသားခဲ့သည်။ JBS Stadium မှာတော့ ဖိုအာ၏ အဆို အလုံးစုံ မှန်ကန်ခဲ့သည် ထင်ပါသည်။ စင်္ကာပူရောက် မြန်မာများက ကမ္ဘောဇ အသင်းအား မြန်မာနိုင်ငံ ကိုယ်စားပြု အသင်းတစ်သင်း အဖြစ် တစ်ခဲနက် အားပေးခဲ့ကြသည်။ “အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်စွဲပြမည်” ဟူသော သီချင်းကိုလည်း သံပြိုင် ဆိုခဲ့ကြသည်။ မြန်မာ နိုင်ငံတော် အလံများကို ဝှေ့ရမ်းကာ မီးကုန်ယမ်းကုန် အော်ဟစ်ခဲ့ကြသည်။
MNL ပြိုင်ပွဲကျင်းပရာ ပွဲကြည့်စင်များ၌ပင် မြင်ရခဲသည့် ဆာလောင် မွတ်သိပ်သော လက်ခုပ်သံများ..။

S-League ကလပ် ၀ုဒ်လန်းစ်ဝယ်လင်တန်ကို ကမ္ဘောဇ အသင်းက အနိုင်ရရှိသော ပွဲအပြီးတွင် မြန်မာ ပရိသတ်များ အချိန်အတော်ကြာ မပြန်သေးဘဲ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကာ အောင်ပွဲခံနေခဲ့ ကြသေးသည်။
စင်္ကာပူတွင် ကမ္ဘာကြီးက လုံးနေဆဲ။ ဖရန်ကလင်ဖိုအာက သောမတ်စ် ဖရိုင်းမန်းအပေါ် အသာစီးရနေဆဲ။ “ကမ္ဘာမကြေ” သီးချင်းသံများ လွင့်ပြန့်နေဆဲ။
အိမ်လွမ်းသူတို့ ပျော်ရွှင်စွာ အောင်ပွဲခံနိုင်ခဲ့ ကြပါသည်။
(ကမ္ဘောဇအသင်း၏ RHB Singapore Cup 2012 ပထမ အဆင့်ပွဲစဉ် ယှဉ်ပြိုင် ကစားစဉ် ကာလအတွင်း အဘက်ဘက်မှ အားပေး ကူညီခဲ့ကြသော စင်္ကာပူ ဘောလုံး အဖွဲ့ချုပ်၊ Santa Grand East Coast Hotel၊ စင်္ကာပူ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တစ်ခဲနက် အားပေးခဲ့ကြသည့် မြန်မာ ပရိသတ်များအား ကမ္ဘောဇ ဘောလုံး အသင်းမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။)
|